မိုးညှင်းတက္ကသိုလ်၌ နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ

မိုးညှင်း ဩဂုတ် ၃၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

အဆိုပါသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနား၌ တက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က အမှာစကားပြောကြားရာတွင် သုတေသနလုပ်ငန်းဟာ တက္ကသိုလ်မှာဆိုရင် အဓိက‌ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ သုတေသီများက ရှာဖွေဖော်ထုတ်ထားသည့် သုတေသနရလဒ်များကို အသုံးချပြီး မိမိတို့ရရှိလာသော အသိပညာများကို လက်ဆင့်ကမ်းရင်းအနာဂတ်အတွက် လူမှုဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ကြစေကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် စာတမ်းများဖတ်ကြားကြမည့် သုတေသနစာတမ်းရှင်များက အလှည့်ကြဖြင့် ဖတ်ကြားကြရာ ဝိဇ္ဇာဘာသာရပ်များတွင် (၁၂)ဦးနှင့် သိပ္ပံဘာသာရပ်များတွင် (၁၇)ဦး စုစုပေါင်း (၂၉)ဦးအား အသီးသီးဖတ်ကြားကြပြီး တက်ရောက်လာကြသည့် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သုတေသနစာတမ်းရှင်များက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါစာတမ်းဖတ်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာများ၊ တက္ကသိုလ်ခေတ္တ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း