ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ

ကော့မှူး ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကို ယနေ့နံနံက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက မိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် ကိစ္စရပ်များဆွေးနွေးပြီး အဖွဲ့ဝင်များက မိတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ရွေးကော်ပွဲအရာရှိ ဦးကျော်ဇင်ထက်က တက်ရောက်လာသူများအား စက်တင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်မည့် မဲပေးစက်များဖြင့် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား သက်ဆိုင်ရာလုပ်ငန်းတာဝန်များ ခွဲဝေချထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ အဆိုပါ မိတ်ဆက်တွေ့ဆုံပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဇင်ထက်၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)