ဇေယျာသီရိ ဩဂုတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းမှ အသိပညာဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရန်နှင့်စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယမင်းလှိုင်က စာရေးဆရာကြီး ကိုရွှေအောင်သင်း၏ အတ္ထုပ္ပတ္တိအား ဖတ်ကြားခဲ့သည်။
ယင်းနောက် စာရေးဆရာကြီး ကိုရွှေအောင်သင်းမှ “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ အသိပညာဗဟုသုတမေးခွန်းများမေးမြန်းဆွေးနွေး၍ ပြန်လည်ဖြေဆိုနိုင်သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် သစ်တောနှင့်ပတ်ဝန်းကျင်းဆိုင်ရာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာရိုစီနေဝင်းက ကျေးဇူးတင်စကားပြောကြားပြီး စာရေးဆရာကြီး ကိုရွှေအောင်သင်းအား ဂါရဝပြုလက်ဆောင် ပေးအပ်ခဲ့သည်။
အဆိုပါဟောပြောပွဲအပြီးတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)