တိုက်ကြီး ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၆ ကြိမ်မြောက် ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။
ဦးစွာ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးက မြန်မာလူမျိုးများ၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ အနုပညာနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ဆက်လက်ရှင်သန်ဖြစ်ထွန်းရေး၊ မြန်မာ့ယဉ်ကျေးမှုကို မတိမ်ကောမပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့၏ ဓလေ့ထုံးစံရိုးရာအမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်စေရေး ရည်ရွယ်၍ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ယနေ့ပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုက်ကြီးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့သော အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အခြေခံပညာအဆင့် ခေတ်ဟောင်း (ကာလပေါ်) အမျိုးသား၊ အမျိုးသမီးအဆိုပြိုင်ပွဲ၊ အရေးပြိုင်ပွဲ၊ အမျိုးသား စန္ဒယားတီးပြိုင်ပွဲ၊ အသက် ၁၀ နှစ်မှ ၁၅ နှစ်အထိ အခြေခံပညာအဆင့် အကအမျိုးသမီးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းမောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦး၊ မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)