ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တောင်ကြီးမြို့နယ်၊ ရှမ်းရိုးမ မွေးမြူရေးဇုန် (၂) တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဩဂုတ် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အသုံးတော်ကျေးရွာအုပ်စုအတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန် (၂) အတွင်း မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ဩဂုတ် ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် မွေးမြူရေးဇုန်အတွင်းရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ဝင်းဇင်မောင် နှင့်တောင်ကြီးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ အောင်မင်းထွန်းတို့က မွေးမြူရေးဇုန်အတွင်း ဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက မွေးမြူရေးဇုန်အတွင်းရှိ လုပ်ငန်းရှင်များသည် ရှမ်းပြည်နယ် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ၇ ဘီလီယံမှ ပထမအကြိမ် ဥစားကြက်ချေးငွေအား အပြေအကျေပေးဆပ်ပြီးဖြစ်၍ ဒုတိယအကြိမ်ချေးငွေရရှိရေးအတွက် တင်ပြဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် မွေးမြူရေးလုပ်ငန်းရှင်များမှ ဥစားကြက်ချေးငွေ သက်တမ်း (၂) နှစ်တိုးမြှင့် ချေးယူနိုင်ရေး၊ ဥစားကြက်ပေါက်အချိန်မီရရှိရေး၊ မွေးမြူရေးသုံးဆေးဝါးလွယ်ကူစွာရရှိနိုင်ရေး၊ သွားလာရေး ခက်ခဲ၍ ဇုန်အဝင်လမ်းအား ထပ်မံတိုးမြှင့်ခင်းပေးနိုင်ရေး၊ ခြံအသစ်တိုးချဲ့ဆောက်လုပ်မည့် ကြက်ခြံ (၃) ခြံအတွက် အသုံးပြုမည့်ပစ္စည်းများ လွယ်ကူစွာရရှိရေးတို့အား တင်ပြရာ ပြည်နယ်ဝန်ကြီးက မွေးမြူရေးဇုန်အဝင်လမ်းနှင့်ဇုန်အတွင်း ပတ်လမ်းများပျက်စီးနေမှုအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရန်၊ ဥစားကြက်ပေါက်အချိန်မီရရှိရေး၊ မွေးမြူရေးသုံးဆေးဝါးများနှင့် တိုးချဲ့ဆောက်လုပ်မည့် ကြက်ခြံအတွက် အသုံးပြုမည့်ပစ္စည်းများ လွယ်ကူစွာရရှိရေးတို့ကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးဇုန် အတွင်းရှိ ဥစားကြက်ကောင်ရေ (၂၃၀၀၀) မွေးမြူထားရှိသော ဒေါ်နန်းစံမှုန့်၏ခြံအား ကွင်းဆင်းကြည့်ရူ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၁၆)၊ စိုက်ဧက (၅) ဧကတွင် တောင်သူ ဦးခွန်မြင့်အောင်၏ မိုးစပါး ရွှေရင်အေး၊ မိုးစပါး (SR – 456) မျိုးသန့်ပွား Rs to Cs မျိုးစေ့ထုတ်စိုက်ခင်းနှင့် တောင်သူ (၆၀) ဦးပါ ရွှေရင်အေးဧက (၁၀၀) တစ်ကွင်းတစ်စပ်တည်း မိုးစပါးစံပြစိုက်ခင်း စိုက်ပျိုထားရှိမှုနှင့် ဆီဆိုင်မြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု ကွင်းအမှတ် (၉-က)၊ မိုးစပါး ရွှေရင်အေးစံပြကွက်ဧက (၁၀၀) နှင့် ကွင်းအမှတ် (၉ - ဃ)၊ မိုးစပါး ရွှေရင်အေးမျိုးစေ့ထုတ် ဧက (၇၀) မိုးစပါးအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးတက် ကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် ဟိုပုံးမြို့နယ်၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ နမ့်မဲသာရေလွှဲဆည် သို့ရောက်ရှိပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုမင်းက စိုက်ပျိုးရေပေးဝေမှုနှင့် ၂၀၂၅ -၂၀၂၆ ခုနှစ်၊ ပြည်နယ်ရန်ပုံ​ငွေဖြင့်လုပ်ငန်းများ ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက စီမံကိန်းအကျိုးပြုဧရိယာအတွင်းရှိ စိုက်ဧကများကို စိုက်ပျိုး​ရေ​လုံလောက်စွာပေး​ဝေနိုင်​ရေး၊ ​ရေလွှဲဆည်အားစနစ်တကျ ထိန်းသိမ်းပြုပြင်​ဆောင်ရွက်ရန်၊ နမ့်တဘက်​ချောင်းမှ ​ရေကြီးနစ်မြုပ်မှု ​လျော့ပါးသက်သာ​စေ​ရေး အ​လေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်(ပြည်နယ်၊ပြန်/ဆက်)