ချမ်းအေးသာစံ ဩဂုတ် ၃၁
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား မိုးစပါးပန်းတိုင်အထွက်တိုး ရရှိရန်သွင်းအားစုများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ (၃၀) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မိုးစပါးပန်းတိုင်အထွက်တိုးရရှိရန် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့်အကျုံးမဝင်သည့် တောင်သူများ လိုအပ်နေသည့် ယူရီးယားနှင့်ကွန်ပေါင်း ဓာတ်မြေဩဇာသွင်းအားစုများကို စိုက်ပျိုးရာသီ အချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီစွာနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဓာတ်မြေဩဇာဝယ်ယူဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီများကိုလည်း ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ပါကြောင်း၊ ဓာတ်မြေဩဇာများလက်ခံရေး၊ ဖြန့်ဖြူးရောင်းချရေးနှင့် သွင်းအားစုတန်ဖိုးကျသင့်ငွေ သီးနှံပေါ်ချိန်တွင် ပြန်လည်ကောက်ခံခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုထိရောက်အောင်မြင်ရေး စနစ်တကျကြပ်မတ်ကာ အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း(SOP) အား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဆက်စပ်ဌာနများမှ တာဝန်ရှိသူများက မိုးစပါးပန်းတိုင်အထွက်တိုးရရှိရန် သွင်းအားစုများ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများ၊ ကုမ္ပဏီများမှတာဝန်ရှိသူများက လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်