ဥတ္တရသီရိ ဩဂုတ် ၃၁
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ လွိုင်ကော်လမ်းဘေးဝဲယာတွင် ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအနီး ပျဉ်းမနား-တောင်ညိုလမ်းမကြီးသို့ သွားရောက်ပြီး လမ်းဘေးရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူးဖော်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေမြောင်းများအား သတ်မှတ်အတိုင်းအတာအတိုင်း စနစ်တကျ တူးဖော်ရေးတို့ကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မရမ်းခုံကျေးရွာ တောင်သူ ဦးဆန်းဝင်း၏ အောင်နိုင်တိုး မိုးစပါးစိုက်ခင်းတွင် သွင်းအားစုအနေဖြင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို (၁:၃) စနစ်ကျရောစပ်၍ ပက်ဖျန်းနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် မရမ်းခုံကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ကျင်းပသော မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာသွင်းအားစုပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကားပြောကြားရာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ လယ်ယာမြေများကို တန်ဖိုးထားလုပ်ကိုင်ဆောင်ရွက်ရေး၊ မျိုး၊ မြေ၊ ရေ၊ နည်းလမ်းများ နှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ သီးနှံများ သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်း၊ မျိုးသန့်များစိုက်ပျိုးရေး၊ ကြဲပက်စနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ ဆည်ရေများ အကျိုးရှိရှိသုံးစွဲရေးတို့ကို မှာကြားသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ သွင်းအားစု ပေးအပ်ခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကာ တက်ရောက်လာသည့် တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများသည် တောင်သူများထံ သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာ သွင်းအားစုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)