ကျောက်တလုံးကြီး ဩဂုတ် ၃၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲမဲပေးခြင်းကို ပထမနိမ္မိတသပိတ်မြတ်စေတီတော်ရှိ အောင်ဇမ္ဗူလောင်းဓမ္မာရုံတွင် ယမန်နေ့နံနက် ၉ နာရီက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် တက်ရောက်ခဲ့သည်။
ရှေ့ဦးစွာ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခွန်မြတ်ဆန်းထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ၏ လုပ်ဆောင်ချက် (System Unit) များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်း(Usage)များ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များလျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲ ရလဒ်များကို လျင်မြန်စွာကြေငြာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အသိပညာပေး ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အမှာစကားပြောကြားရာ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့်အကြောင်းအရာများကို ပအိုဝ်းတိုင်းရင်းသားဘာသာစကားဖြင့် ပြောကြားပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနည်းအားသရုပ်ပြသပြီး တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံများ၊ ဒေသခံမဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းကို လက်တွေ့လုပ်ဆောင်ကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ တောင်ကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးခွန်သူရအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲမဲပေးခြင်းကို ကျောက်တလုံးကြီးမြို့၊ ပုံဆွေပင်ကျေးရွာနှင့် တောင်ကြီးမြို့နယ် နားဘောင်ကျေးရွာတို့တွင် ဆက်လက်ဆောင်ရွက်ကြောင်း သိရသည်။
ဇော်နိုင်လင်း