ရန်ကုန် ဩဂုတ် ၃၁
၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားကွင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က အင်းစိန်ခရိုင်အသင်းနှင့် အလုံခရိုင် အသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားဆုရရှိသော သင်္ဃန်းကျွန်းခရိုင်အသင်းမှ ကျောနံပါတ် (၁၈) နန်းသိမ့်သိမ့်သူ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးနောက်တန်းဆုရရှိသော အလုံခရိုင်အသင်းမှ ကျောနံပါတ်(၃) ဖြိုးရတီလင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအလယ်တန်းဆုရရှိသော အင်းစိန်ခရိုင်အသင်းမှ ကျောနံပါတ် (၉) ဆုပြည့်မောင်၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးရှေ့တန်းဆုရရှိသော အလုံခရိုင်အသင်းမှ ကျောနံပါတ် (၁၁) ဝင်းပပ၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရရှိသော အင်းစိန်ခရိုင်မှ ကျောနံပါတ် (၁၃) ဆွေလဲ့နန္ဒာ၊ တတိယဆုရရှိသော သင်္ဃန်းကျွန်းခရိုင်အသင်းနှင့် ဒုတိယဆုရရှိသော အလုံခရိုင်အသင်းတို့အား တိုင်းဒေသကြီးဝန်ကြီးများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော အင်းစိန်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)