မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos Esports အားကစားအသင်းကို ရှမ်းပြည်နယ် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို

တောင်ကြီး သြဂုတ် ၃၁

ဆော်ဒီအာရေဗျနိုင်ငံ၊ Riyadh မြို့၌ ကျင်းပခဲ့သည့် Esports အားကစားကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၅ တွင် ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့သော မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos အားကစားအသင်းသည် သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့သို့ ရောက်ရှိလာခဲ့ရာ ရှမ်းပြည်နယ်မှ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ထိုသို့ ကြိုဆိုရာတွင် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ဘင်ခရာအဖွဲ့များနှင့် ဒေသခံပြည်သူများက အေးသာယာမြို့မှ တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမတစ်လျှောက် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့အတူ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဦးဆောင်နာယက၊ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စုတည်ထောင်သူ နာယက ဦးအောင်ကိုဝင်းတို့ကလည်း မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Esport အားကစားအသင်းကို တောင်ကြီးမြို့ Jasmine Taunggyi Hotel မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos အားကစားအသင်း၏ ဆုဖလား အပ်နှင်းပွဲနှင့် ဂုဏ်ပြုပွဲကို တောင်ကြီးမြို့ Jasmine Taunggyi Hotel တွင် ယနေ့ညနေပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားကို မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဦးဆောင်နာယက၊ ကမ္ဘောဇဘဏ်၊ ကမ္ဘောဇအုပ်စုတည်ထောင်သူ နာယက ဦးအောင်ကိုဝင်း၊ အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ရှမ်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ချန်ပီယံ Esports အားကစားသမားများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာကောင်းမြတ်စံက “ကျနော်တို့ရဲ့ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို ယခုလို အောင်မြင်မှုတွေ ရရှိလာအောင် မြန်မာလူငယ်တွေရဲ့ အစွမ်းအစကို ကမ္ဘာက သိလာအောင် ငွေကြေးပံ့ပိုးမှု အလုံးစုံသာမက ကိုယ်ရောစိတ်ပါ ကူညီပံပိုးပေးခဲ့တဲ့ ကျနော်တို့ရဲ့ ဂုဏ်ထူးဆောင် နာယကများ ဖြစ်ကြတဲ့ ဒေါ်နန်းလိုင်းခမ်းနဲ့ ဒေါ်နန်းခမ်းနောင့်ကို အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ ကြိုးစားလိုစိတ်နဲ့ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်တဲ့ မျိုးဆက်သစ် မြန်မာလူငယ်များရဲ့ စိတ်ဓါတ်ခွန်အားတိုးတက်မြင့်မားလာစေရေးအတွက် ပြယုဂ်ဖြစ်စေရန် စဥ်ဆက်မပြတ် အသေးစိတ်ကနေ အစစအရာရာ ငွေအား၊ လူအားနှင့် စီမံဆောင်ရွက်လမ်းညွှန်ပေးခဲ့တဲ့ ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်းကိုလည်း ဂါရဝထားပြီး အထူးလေးစားကျေးဇူးတင်ပါကြောင်း ကမ္ဘာ့ချန်ပီယံ မြန်မာလူငယ်များကိုယ်စား ပြောကြားပါရစေ” ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဦးဆောင်နာယက ဦးအောင်ကိုဝင်းထံ မြန်မာ့ဂုဏ်ဆောင်ကမ္ဘာ့ချန်ပီယံ Yangon Galacticos အသင်းက Esports ကမ္ဘာ့ဖလားကြီးကို လွှဲပြောင်းအပ်နှံခဲ့သည်။

မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ်ကို KBZ Bank နှင့် KBZPay တို့မှ ၂၀၁၈ ခုနှစ်မှ စတင်ကာ ပံ့ပိုးကူညီပေးခဲ့သည့်အပြင် ယခုကဲ့သို့ မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံဆုရရှိစေရန်အတွက်လည်း တစိုက်မတ်မတ် ထောက်ပံ့ကူညီပေးခဲ့ရာ ယနေ့အထိ ကျပ်ငွေ (၄.၅) ဘီလီယံကျော် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပခဲ့သည့် Esports အားကစားကမ္ဘာ့ဖလား ၂၀၂၅ ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ Esports ပြိုင်ပွဲတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်မှ အသင်း ၂၀၀ ကျော်နှင့် ပရော်ဖက်ရှင်နယ်ကစားသမားပေါင်း ၂,၀၀၀ ကျော်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)