ကလော ဩဂုတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေ ချေးသမဝါယမအသင်း(လီမိတက်) ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) သဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိကိုယ်စား ဦးစီးမှူး ဒေါ်ညိမ်းညိမ်းအိက အသင်း၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းက သမဝါယမဥပဒေ၊ နည်းဥပဒေများဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)၏၂၀၂၄ -၂၀၂၅ ခုနှစ်အတွက် တာဝန်ရှိသူများက အမှုဆောင်အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများ ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် သဘာပတိကအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ စာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး စာရင်းရှင်းတမ်း၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ အသင်းအမှုဆောင်၏ တင်ပြမှုအမှာစာများကို အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)