မော်လမြိုင် ဩဂုတ် ၃၀
မွန်ပြည်နယ်အတွင်း မြို့နယ်များအားလုံးတွင် သန့်ရှင်းသာယာလှပပြီး မြို့အင်္ဂါရပ်များနှင့် ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ပတ်လမ်းနှင့် ဒေါင်းဇရပ်မီးပွိုင့်အနီး သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့သန့်ရှင်းသပ်ရပ်သာယာလှပရေးနှင့် အများပြည်သူများ စိမ့်အေးချမ်းမြေ့မှုရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် စည်းကမ်းမဲ့ အမှိုက်များစွန့်ပစ်မှုမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ မော်လမြိုင်တက္ကသိုလ်ပတ်လမ်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ အမှိုက်များမရှိစေရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးပတ်ဝန်းကျင်၌ ၂ဝ၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ သံလွင်မြစ်ကမ်းဘေးတွင် တည်ရှိသည့် မုပွန်ရပ်ကွက်၊ အဆင့်မြင့်ငါးဈေး ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည် သာယာလှပစေရေး၊ သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးနှင့် ပြည်သူလူထုအနေဖြင့် သစ်တောသစ်ပင်များ စိုက်ပျိုးပြုစုထိန်းသိမ်းရေးတို့မှာ ပိုမိုတက်ကြွစွာ ပူးပေါင်းလာစေရေးစသည့် ရည်ရွယ်ချက်များနှင့် ယခုသစ်ပင်စိုက်ပွဲတော်ကို ကျင်းပရခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးကြရာမှာလည်း တစ်ပင်စိုက် တစ်ပင်ရှင်သန် အောင်မြင်ဖြစ်ထွန်းစေဖို့ စိုက်ပျိုးကြရမှာဖြစ်ပြီး၊ မျိုးကောင်းမျိုးသန့် ပျိုးပင်များရရှိစေဖို့ မျိုးစေ့များ ကြိုတင်ပြင်ဆင် စုဆောင်းပြီး စနစ်တကျပျိုးထောင်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ စိုက်ပျိုးသည့် သစ်တောသစ်ပင်များ ရှင်သန်ကြီးထွား အောင်မြင်မှုရရှိစေရေး ပြည်သူအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ မော်လမြိုင်မြို့၊ အဆင့်မြင့် ငါးဈေးပတ်ဝန်းကျင်၌ ခရေ၊ ကံ့ကော်၊ မယ်ဇယ်၊ စိန်ပန်းကြီး၊ ပျဉ်းမ၊ ရေတမာ၊ မာလာလူးကား အစရှိသည့် အပင်အရေအတွက် (၃၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဆက်လက်၍ ပြည်ဝန်ကြီးချုပ်က တစ်ပျော်တစ်ပါး မိုးရာသီသစ်ပင်စိုက်ပျိုးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး မော်လမြိုင်မြို့၊ အဆင့်မြင့်ငါးဈေးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေး၊ အနံသက်ဆိုးများမရရှိစေရေး၊ စွန်ပစ်အမှိုက်များနှင့် ရေစီးရေလာ ကောင်းမွန်စေရေး တာဝန်ရှိသူများအား လိုအပ်သည်များးမှာကြားပြီး အသစ်ဆောက်လုပ်မည့် အအေးခန်းစက်ရုံနှင့် ရေခဲစက်ရုံဆောက်လုပ်မည့် မြေနေရာအားကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)