မိတ္ထီလာ သြဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ (၁၄၂)ကြိမ်မြောက် သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က မြို့မရပ်ကွက် ဖောင်တော်ဦးရင်ပြင်တော်တန်ဆောင်နှင့် စေတီတော်မုခ်ဦတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမိုင်းဝင်ကရဝိတ်ဖောင်တော်ဦးစေတီတော်နှင့် ကရဝက်တန်ဆောင်းမှန်ကျောင်းအတွင်း၌ ပင့်ဆောင်ကိုးကွယ်သည့် စင်္ကြာမုနိကြေးသွန်းရုပ်ပွားတော်မြတ်တို့အား ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းအား နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရေလည်ကျောင်းတိုက်ဦးစီးပဓနာယက ဆရာတော်ဘဒ္ဒန္တလာဘဝအပါအဝင် ပင့်သံဃာတော် ၁ဝ ပါးတို့က ဆောင်ရွက်တော်မူကြသည်။ ၎င်းနောက် ပင့်သံဃာ ၁ဝ ပါးတို့အား ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခင်ညိုနှင့် အလှူရှင်များက ဆက်ကပ်လှူဒါန်းကြပြီး ရေစက်တရားတော်များ နာယူကြသည်။
ဆက်လက်၍ (၁၄၂)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော်ဗုဒ္ဓပူဇနိယပွဲတော်အား အမှတ်(၁)တပ်မတော်ဆေးရုံ၊ တပ်မှူး ဗိုလ်ချုပ် ထွန်းထွန်းအောင်၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးမင်းနှင့် မိတ္ထီလာခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဆုပေးမဏ္ဍပ်တွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ အထူးပွဲများကို ကျင်းပခဲ့သည်။
သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်အား သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းမည်ဖြစ်ပြီး မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ပုံမှန်ပွဲစဉ်များကို စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲတွင် အကြီးတန်းအမျိုးသားအသင်း ၅ သင်း၊ အငယ်တန်းအမျိုးသားအသင်း ၂ဝ သင်း၊ အမျိုးသမီးအသင်း ၄ သင်း စုစုပေါင်း ပြိုင်ပွဲဝင်လှေအသင်း ၂၉ သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ် ကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)