ကန်စွန်းရွက်စိုက်ပျိုးခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသူများ အဆင်ပြေ

​ကျောက်ဆည် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ဆန်စပါး၊ ဆီထွက်သီးနှ့မျိုးစုံ၊ ချဉ်မျှင်ရှည်ဝါ စသည့် စီမံကိန်းသီးနှံများစိုက်ပျိုးသည့်အပြင် ကာလရှည်ဖြစ်သည့် သရက်၊ ကွမ်း၊ လျှော်ဖြူသီးနှံများ၊ ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်း၊ ခရမ်း၊ ရုံပတီ စသည့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြရာ ရန်ပုံနှစ်ကျေးရွာ၌ ကန်စွန်းရွက်သီးနှံစိုက်ပျိုးခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိသည့်အတွက် ကန်စွန်ရွက်စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ကန်စွန်းရွက်သီးနှံစိုက်ပျိုးမည်ဆိုပါက ထယ်ရေးညက်ညက်မြေပြုပြင်ပေးရပြီး မြေဆီကောင်းမွန်စေရန်အတွက် သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေများကို သီးနှံမစိုက်ပျိုးခင် မြေပြင်ချိန်၌ ထည့်သွင်းရကြောင်း၊ အစိုဓာတ်မပြတ်ရေသွင်းရသည့်အတွက် ရေသွင်း၊ ရေထုတ် ကောင်းမွန်စေရန်အတွက် စိုက်ပျိုးမည့်မြေဘောင်များကို မြေအမျိုးအစားအလိုက် အကြီး၊အသေးပြုလုပ်ပြီး လေဝင်လေထွက်ကောင်းမွန်စေရန်အတွက် အပင်များအား သင့်တော်သည့် အကွာအဝေး တစ်ထွာ၊ တစ်မိုက်ခြားပြီး  စိုက်ပျိုးရကြောင်း သိရှိရသည်။

ကန်စွန်သီးနှံသည် တစ်ခါစိုက်ထားပြီး ရေသွင်းခြင်း၊ ပေါင်းရှင်းခြင်းနှင့် ပိုးရွက်စားပိုးမွှား မကျရောက်စေရေး သဘာဝပိုးနှင်ဆေးများဖျန်းပေးခြင်း၊ လိုအပ်သည့်အချိန်များတွင် မြေဩဇာကျွေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် တစ်နှစ်ပတ်လုံးအညွှန့်ဖြတ်ကာ ရောင်းချနိုင်ကြောင်း၊ စိုက်ပျိုးပြီး (၄၅)ရက်သားတွင် ကန်စွန်းရွက်အညွှန့်များကို စတင်ဖြတ်၍ရောင်းချရကြောင်း၊ မိုးရာသီ၌ (၁၀)ရက်ခြား တစ်ကြိမ်၊ နွေရာသီနှင့်ဆောင်းရာသီကာလများ၌ (၁၅)ရက်ခြားတစ်ကြိမ် အညွှန့်ဖြတ်ရောင်းချရကြောင်း၊  ကန်စွန်းရွက်သီးနှံတစ်ဧက စိုက်ပျိုးထားပါက စိုက်ပျိုးဘောင်များအလိုက် ပြောင်းလဲပြီး နေ့စဉ်အညွှန့်ဖြတ်ရောင်းချရသဖြင့် နေ့စဉ်ဝင်ငွေရကြောင်း ကန်စွန်းရွက် စိုက်ပျိုးရောင်းချသူများထံမှ သိရှိရသည်။

သက်မောင်