ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး၌ကျင်းပသော ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား တက်ရောက်

စစ်တွေ ဩဂုတ် ၃၀

ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဥပဒေရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာခြင်းသည် နိုင်ငံတကာနှင့် ဆက်ဆံဆောင်ရွက်ရသည့်အခါ နိုင်ငံတကာတွင် ဥပဒေရေးရာနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်နေကြသည်ကိုအခြေခံပြီး ဥပဒေရေးရာဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအောက်တွင်ရှိကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးအပါအဝင် အဆင့်ဆင့်သော ဥပဒေအရာရှိများသည် မိမိဝန်ကြီးဌာနကချမှတ်သည့် မဟာဗျူဟာရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပဒေအရာရှိဆိုသည့် ရာထူးအခေါ်အဝေါ်နှင့်အညီ ဥပဒေရေးရာနှံ့စပ်ကျွမ်းကျင်သော ပုဂ္ဂိုလ်များဖြစ်ရန်အတွက် “ရှေ့နေဆို ပျိုမှ”ဆိုသည့် ဆိုရိုးစကားနှင့်အညီ ပြဋ္ဌာန်းဥပဒေများကို အမြဲလေ့လာမှတ်သားနေပြီး ဥပဒေအသိပညာရှင်သန်နေရန်လိုကြောင်း၊ နိုင်ငံတော်က ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများကို ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများတွင် အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ထို့ကြောင့် ညွှန်ကြားချက်တွင် ဖော်ပြထားသည့် လုပ်ငန်းတာဝန်များသည် ကဏ္ဍအလိုက် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးအတွက် ဥပဒေအရာရှိများအနေဖြင့် ယခုကဲ့သို့ တာဝန်များကို ဂုဏ်ယူဝမ်းမြောက်စွာဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ပေးကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် နိုင်ငံတော်က ယုံယုံကြည်ကြည်နှင့် ပေးအပ်ထားသော တာဝန်ဝတ္တရားများကို ဆောင်ရွက်သည့်အခါတွင် မိမိတို့ဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော  The legal Profession is a Noble Profession ဥပဒေပညာသည် အကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာဖြစ်သည်ဆိုသည့်အတိုင်း မိမိတို့တတ်ကျွမ်းထားသော ဥပဒေပညာကို လေးစားတန်ဖိုးထားပြီး အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ကြိုးစားဆောင်ရွက်ကြရန်နှင့် ဥပဒေရေးရာဝန်ကြီးဌာန၏ စတုတ္ထနှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမှသည် နောင်နှစ်များစွာကို အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေရေးရာဝန်ကြီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားအတွက် ချီးမြှင့်ငွေနှင့် ပြည်နယ်ဥပဒေချုပ်ရုံး စာကြည့်တိုက်အတွက် စာအုပ်စာပေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် ပြည်နယ်ဥပဒေအရာရှိတို့က လက်ခံရယူ ကြသည်။ ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာန၏ တစ်နှစ်တာလှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုအားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရုံးဝန်ထမ်းများအား စားသောက်ဖွေရာများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ဥပဒေချုပ်ရုံးရှိ စာကြည့်တိုက်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)