မိုးနဲ ဩဂုတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကမ္ဘောဇခန်းမ၌ ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် MCCT အစီအစဉ် အသိပညာပေးသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် လင်းခေးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲထွဋ်ဦးက လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေးသည့်အစီအစဉ်၊ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်ဌာနများ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးစာရင်းရေးသွင်းခြင်း၊ ထောက်ပံ့ပေးမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များအကြောင်းကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့သည်။
အဆိုပါသင်တန်းအား မြို့နယ်ကျန်းမာရေးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)