မြောက်ဥက္ကလာပမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုများ ဆက်လက်ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ သြဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြောက်ဥက္ကလာပမြို့နယ် ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲနှင့်တာဝန်ကျဌာနဆိုင်ရာများပူးပေါင်း၍ ယမန်နေ့ကနံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ အာသာဝတီလမ်းရှိအောင်ဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေလင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိက မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်းသိကောင်းစရာများ၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကိုရှင်းလင်းပြသခဲ့ပေးကြပြီး တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှတာ၀န်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း(၁၀၄၉)ဦးခန့်မှ စိတ်ပါဝင်စားစွာလက်တွေ့စမ်းသပ်မဲပေးခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)