နေပြည်တော် ဩဂုတ် ၃၀
၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်စီပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနာဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ တက်ရောက်ကြသည်။
ဦးစွာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဂုဏ်ထူးရှင်တို့ ဂုဏ်ပြုစို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြားရာ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာ တတ်အရင်းအမြစ်ပေါများ ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်အသိပညာ၊ အတတ်ပညာပြည့်စုံသော ပညာတတ်များနှင့်သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကိုတည်ဆောက်ရန် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးဒဏ်ကိုခံစားခဲ့ရပြီး ကျောင်းသား/ကျောင်းသူများ၏ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများငလျင်ကြီးကြောင့် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ရပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဒုတိယအကြိမ်ပြန်လည်ဖြေဆိုခဲ့ကြရသော်လည်း စွမ်းစွမ်းတမံကြိုးစားဖြေဆိုခဲ့ကြပြီး ဂုဏ်ထူးရှင်များစွာထွက်ပေါ်လာခဲ့သောကြောင့် ဝမ်းမြောက်ပီတိဖြစ်ခဲ့ရပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည်အသွေးပြည့်မီရေး၊ ခေတ်မီအတတ်ပညာများသင်ကြားပေးနိုင်ရေးနှင့် မှန်ကန်သည့်တွေးခေါ်မြော်မြင်မှုများရရှိစေဖို့အတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြသောဆရာ/ဆရာမများ၊ ပံ့ပိုးပေးခဲ့ကြသောမိဘများနှင့် ဇွဲလုံ့လဝီရိယထားပြီး ကြိုးစားခဲ့ကြသည့်ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း ဝမ်းမြောက်ဝမ်းသာမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ကျောင်သား၊ ကျောင်းသူလူငယ်များသည်လည်းဗလငါးတန်ပြည့်ဝစွာဖြင့် မိမိတို့စိတ်ဝင်စားဝါသနာပါသည့် အဆင့်မြင့်ပညာအသက်မွေးဝမ်းကျောင်း ဘာသာရပ်များကို မှန်မှန်ကန်ကန်ရွေးချယ်တက်ရောက်ပြီး ရည်မှန်းထားသည့်ပန်းတိုင်ကိုရောက်ရှိကာ သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ နိုင်ငံ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်သွားစေဖို့လည်းတိုက်တွန်းလိုပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မောင်တို့မယ်တို့အနေနဲ့လည်း အနာဂတ်မှာ အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်နိုင်သောသားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်အောင် ဆက်လက်ကြိုးစားကြပါလို့တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဂုဏ်ထူးရှင်ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်ကချမှတ်ထားသော “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့်ဆောင်ပုဒ်အတိုင်း နိုင်ငံ့အကျိုး၊ ပြည်သူအားလုံး၏အကျိုးကိုရှေးရှုပြီး ပညာကိုကြိုးစားသင်ယူတဲ့အခါမှာ စာတတ်အောင်သင်ကြားသင်ယူရုံသာမက လိမ္မာရေးခြားရှိအောင်၊ စည်းကမ်းရှိအောင်၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာပြီး မိမိတို့ယဉ်ကျေးမှုဓလေ့ကို မြတ်နိုးတန်ဖိုးထားတတ်သူဖြစ်အောင် နိုင်ငံတော်ကအားထားရသည့် လူတော်လူကောင်းများဖြစ်အောင် မှန်ကန်သည့်တွေးခေါ်မျှော်မြင်မှုများနဲ့ မိမိတို့တတ်စွမ်းသမျှ စွမ်း စွမ်းတမံ ကြိုးစားဆောင်ရွက်သွားကြရန် လိုပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက ၂ဝ၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်အကောင်းဆုံး မြို့နယ်(၃)မြို့နယ်၊ ကျောင်း(၃) ကျောင်းနှင့် သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး Top(3)ရရှိသော (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသား(၁)ဦးအားလည်းကောင်း ဂုဏ်ပြုဆုများချီးမြှင့်ပြီး နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်သီတာဇင်က (၆)ဘာသာဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများက (၅)ဘာသာနှင့်(၄)ဘာသာဂုဏ်ထူးရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီး သီးပေးအပ်ချီးမြှင်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကိုယ်ပိုင်ကျောင်းများအသင်းမှ အလှူငွေများပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသား(၁)ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လူချွန်လူကောင်း” သီချင်းဖြင့်လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်" သီချင်းဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက်အခြေခံပညာကျောင်းများမှ ဖျော်ဖြေရေးအဖွဲ့(၃)ဖွဲ့အား နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)