ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း Grade – 12 ကျောင်းသား၊ ကျောင်းသူများအား စာကြည့်ဆိုလာမီးများပေးအပ်၊ ကျောင်းစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် တွေ့ဆုံ

စစ်တွေ ဩဂုတ် ၃၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်းကျောင်းခွဲများသို့ သွားရောက်ပြီး Grade – 12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ စာကြည့်ဆိုလာမီးများ ပေးအပ်ပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်များလှူဒါန်းကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ မကျည်းမြိုင်ကျောင်းသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။ Grade – 12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျောင်းသား၊ ကျောင်းသူများအား လာမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် ဘာသာရပ်အလိုက် ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိဘများ၏ဂုဏ်ကျေးဇူး၊ ဆရာ၊ ဆရာများ၏ဂုဏ်ကျေးဇူးကို စာမေးပွဲတွင် အကောင်းဆုံးဖြေဆိုခြင်းဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်ကြိုးစားမှ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတစ်ခု၊ ပြည်နယ်တစ်ခု၊ ဒေသတစ်ခု၏ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပင်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နောင်တစ်ခေတ်တွင် နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်ကြမည့်သူများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်က ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာအောင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများ များစွာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်နှင့် ညအချိန်တွင် ကျောင်းမှသင်ကြားပေးလိုက်သော သင်ခန်းစာများကို လေ့လာကျက်မှန်နိုင်ရန်အတွက် ဆိုလာစာကြည့်မီးအိမ်များကို ပေးအပ်ချီးမြှင့်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုအချိန်တွင် လာမည့်တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိဘများနှင့် ဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့်အရာများကို ဖြည့်ဆည်းဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ သင်ခန်းစာများကို လေ့လာကျက်မှတ် နေထိုင်ကြသကဲ့သို့  ကျန်းမာရေးကိုလည်း အထူးဂရုစိုက်၍ နေထိုင်သွားကြမည်ဖြစ်ကြောင်းနှင့် စာမေးပွဲတွင် ဘာသာရပ်အလိုက် အောင်အောင်မြင်မြင် ဖြေဆိုနိုင်ကြပြီး အမှတ်ကောင်းကောင်းဖြင့် အောင်မြင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စာကြည့်ဆိုလာမီးများအား ကျောင်းသား၊ ကျောင်းသူများကို ပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးကြပြီး ကျောင်းစာကြည့်တိုက်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော သုတ၊ ရသစာအုပ် စာပေများကို ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်းခွဲ(စက်ရုံစု)၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လာမည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် သင်ခန်းစာများကို ပိုမိုကြိုးစားလေ့လာကျက်မှတ်နိုင်ရန် စာကြည့်ဆိုလာမီးများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူအား စာကြည့်ဆိုလာမီးများ ပေးအပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးကြပြီး ကျောင်းစာကြည့်တိုက်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော သုတ၊ ရသစာအုပ် စာပေများကို ပေးအပ်လှူဒါန်းကြသည်။

အလားတူ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့တွင် ပညာသင်ကြားလျက်ရှိသော Grade – 12 ကျောင်းသား၊ ကျောင်းသူအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စာကြည့်ဆိုလာမီးများအား သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်လျက်ရှိသည်။ ထိုသို့ စာကြည့်ဆိုလာမီးများပေးအပ်ရာတွင်  စစ်တွေမြို့နယ်အတွက် စာကြည့်ဆိုလာမီး (၆၉၄)လုံး၊ ကျောက်ဖြူမြို့နယ်အတွက် (၁၄၁)လုံးနှင့် မာန်အောင်မြို့နယ်အတွက် (၅၀၇)လုံး စုစုပေါင်း (၁၃၄၂)လုံးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကြသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ဝန်ထမ်းဖွဲ့စည်းပုံနှင့် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စည်ပင်သာယာရေးအဖွဲ့များ၏ အဓိကပင်မလုပ်ငန်းတာဝန်များဖြစ်သည့် မြို့ပြလမ်း၊ တံတားတည်ဆောက်ရေး၊ မြို့ရေပေးရေး၊ သန့်ရှင်းရေး၊ မြို့သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ဈေးများစနစ်တကျရှိစေရေး စသည့်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် စည်ပင်သာယာရေးအဖွဲ့များသည် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေးဥပဒေများနှင့်အညီ အခွန်၊ အခ ကောက်ခံရေးလုပ်ငန်းများကို ဆောင်ရွက်ကြရပြီး ရရှိလာသည့်ဝင်ငွေများအပေါ် ဝန်ထမ်းများ၏ လစာစရိတ်အပါအဝင် မြို့စည်ပင်သာယာရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရသည့်အတွက် ဝင်ငွေများပြည့်ပြည့်ဝဝ ကောက်ခံရရှိရေးသည် အရေးကြီးသည့်လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို အလေးထားဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ကလည်း နှစ်စဉ်ရန်ပုံငွေများကို ချထားပေးပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ကိုလည်း ယခင်နှစ်က မြို့အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါလုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ပိုမိုကောင်းမွန်သည့် စည်ပင်သာယာရေးလုပ်ငန်းများကို ဆက်လက်ကြိုးစားပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရုံးအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)