အမရပူရ သြဂုတ် ၃၀
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် တိုက်ကွမ်ဒိုသင်တန်းဆင်းပွဲနှင့် သရုပ်ပြပွဲအခမ်းအနားကို ဩဂုတ် ၂၉ ရက်၊ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၁ ၌ကျင်းပပြုလုပ်ရာ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ တိုက်ကွမ်ဒိုအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းနှင့်ကော်မတီဝင်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နည်းစနစ်ကော်မတီဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး တိုက်ကွမ်ဒိုဆပ်ကော်မတီတွဲဖက်အတွင်းရေးမှူးဦးမြကြိုင်နှင့် သင်တန်းနည်းပြဆရာများ၊ တိုက်ကွမ်ဒိုသင်တန်းသားများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုက်ကွမ်ဒိုအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းက သင်တန်းဖွင့်လှစ်ပို့ချရခြင်းရည်ရွယ်ချက်နှင့် သင်တန်းဆင်ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက်မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နည်းစနစ်ကော်မတီဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး တိုက်ကွမ်ဒိုဆပ်ကော်မတီ တွဲဖက်အတွင်း ရေးမှူးဦးမြကြိုင်က တိုက်ကွမ်ဒိုအားကစားနည်း နည်းစနစ်များနှင့် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများအကြောင်းကို မိတ်ဆက်ရှင်းလင်းခဲ့သည်။
ဆက်လက်ပြီး သင်တန်းသားများက တိုက်ကွမ်ဒိုသရုပ်ပြကွက်များကိုတင်ဆက်ပြသကြသည်။ ထို့နောက် ကွမ်ဒိုအားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်မျိုးထွန်းက ရတနာပုံတက္ကသိုလ်တွင် သင်တန်းပို့ချပေးခဲ့သည့် နည်းပြချုပဦးမြကြိုင်နှင့် သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေး အပ်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီမြှင့်ခဲ့သည်။
အဆိုပါ တိုက်ကွမ်ဒိုသင်တန်းကို ဇူလိုင်လမှဩဂုတ်လအထိ သင်တန်းပို့ချခဲ့ရာ ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၅၇ ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(ပြန်/ဆက်)