ဒဂုံအရှေ့ ဩဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ငါးနှစ်အောက်ကလေးမိခင်များ အာဟာရချက်ပြုတ်သရုပ်ပြပွဲနှင့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာလဲ့လဲ့ဝင်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရပြည့်ဝစွာ ပြင်ဆင်ချက်ပြုတ်စားသောက်တတ်စေရန်နှင့် အစာအုပ်စုငါးမျိုးအကြောင်း ကျန်းမာရေးအသိပညာပေးခဲ့ကြပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငြိမ်းကြည်ရွှေက ကိုယ်ဝန်ဆောင်စဉ်မှာ လုံလောက်သည့်အာဟာရ ဖြည့်တင်းနိုင်ရန်နှင့် မိခင်နှင့်ကလေးများ အာဟာရလိုအပ်ချက်ကောင်းမွန်စွာရရှိနိုင်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက အာဟာရပြည့်ဝစွာ ပြင်ဆင်ချက်ပြုတ် စားသောက်တတ်စေရန် လက်တွေ့ချက်ပြုတ်သရုပ်ပြပွဲကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ