တာချီလိတ်မြို့၌ (၁၀၁)ကြိမ်မြောက် မြန်မာ-ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီအစည်းအဝေး ကျင်းပ

တာချီလိတ် ဩဂုတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၀၁)ကြိမ်မြောက် မြန်မာ-ထိုင်းမြို့နယ်အဆင့်နယ်ခြားကော်မတီ(တာချီလိတ်-မယ်ဆိုင်) ပုံမှန်အစည်းအဝေးကို ဩဂုတ် ၂၉ ရက်နံနက်ပိုင်းက ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ 1G1 ဟိုတယ် အစည်းအဝေးခန်းမတွင်ကျင်းပသည်။

ရှေးဦးစွာ နှစ်နိုင်ငံကိုယ်စားလှယ်များက အပြန်အလှန်မိတ်ဆက်စကားပြောကြားပြီး တက်ရောက်လာသည့် မြန်မာ-ထိုင်းနှစ်နိုင်ငံမြို့နယ်အဆင့်နယ်ခြားကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်တည်ငြိမ်းရေး၊ လုံခြုံရေး၊ ရာဇဝတ်မှုကင်းရှင်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံအကျိုးစီးပွားနှင့် နယ်စပ်ဒေသတွင်နေထိုင်ကြသည့်ပြည်သူများ၏သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှုအပြန် အလှန်ဖလှယ်ရေး၊ အများပြည်သူဆိုင်ရာဘေးအန္တရာယ်လျှော့ချရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အကြမ်းဖက်မှုနှင့်လက်နက်မှောင်ခို၊ ပြည်ပလုပ်သားရေးရာ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးစသည့်ကိစ္စရပ်များကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်များအပြန်အလှန်ဖလှယ်ခြင်းဖြင့် ပြဿနာများကို မြို့နယ်အဆင့်နယ်ခြားကော်မတီများမှ ပိုမိုကောင်းမွန်စွာဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ဖြေရှင်းနိုင်ခြင်းမရှိသည့်ပြဿနာရပ်များကို အထက်ဌာနအဆင့်ဆင့်သို့ ဆက်လက်တင်ပြဖြေရှင်းသွားရန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှတာချီလိတ်မြို့နယ်အဆင့် နယ်ခြားကော်မတီဥက္ကဋ္ဌစစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်မင်းထွန်းနှင့် တပ်နယ်မှတာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာမျိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဘက်မှ မြို့နယ်အဆင့်နယ်ခြားကော်မတီဥက္ကဋ္ဌကျောက်တာခ့်လှုပ်ရှားတပ်ဖွဲ့မှ ဗျူဟာမှူးဗိုလ်မှူးကြီးအနုဝပ်ဘန်းယားနန်းဦးစီးကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်လာရောက်လေ့လာသူ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)