တောင်ကြီး ဩဂုတ် ၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ရှမ်းပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်/မြို့နယ်မှဝန်ထမ်းများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ကျေးရွာရှိ မိုးစပါး စံပြကွက်ဧက(၁၀၀) စိုက်ခင်းသို့ရောက်ရှိပြီး တောင်သူ ဦးမဲ၏ DU – 16 (ရွှေအပ်)မျိုး စိုက်ခင်းတွင် မိုးစပါးအောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား မှာကြားပြီး လယ်ကွင်းဘေးရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် ရှင်းလင်းဆောင်အား လိုအပ်သည်များ ပြန်လည်ပြုပြင်ရန်အတွက် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ကြေးကိုင်ရွာရှိ တာယောချောင်းရေစီးဆင်းမှုအားကြည့်ရှုပြီး ရေကြီးနစ်မြုပ်မှုများ လျော့ပါးသက်သာစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် ချောင်းကော၊ မြောင်းကောတူးဖော်ခြင်းလုပ်ငန်းများကို ကလောခရိုင် သဘာဝဘေးရန်ပုံငွေမှ ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် မိုင်းပျိုးကျေးရွာအုပ်စုရှိ ရွှေရင်အေးမျိုးစေ့ထုတ် ဧက(၅၀) စိုက်ခင်းသို့ရောက်ရှိပြီး တောင်သူ ဦးစွင်၏ ရွှေရင်အေးမျိုး စိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုပြီး တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်းတိုးတက်ကောင်းမွန်ရေး၊ လယ်ကွင်းဘေးရှိ မိုင်းပျိုးမြောင်းတစ်လျှောက် ရေပေးအဆောက်အအုံများ တည်ဆောက်ရန်မှာကြားခဲ့သည်။
ထိုမှတဆင့် လွယ်မောကန်သို့ရောက်ရှိပြီး ကန်အတွင်းသန့်ရှင်းရေးလုပ်ငန်းများအား ဦးစားပေးဆောင်ရွက်ရန်၊ လွယ်မောကန်သည် စိုက်ပျိုးရေးအတွက်များစွာ အထောက်အကူပြုသည့် ကန်ဖြစ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်များတွင် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းအား ရန်ပုံငွေ ထည့်သွင်းလျာထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ရှမ်းရိုးမမွေးမြူရေးဇုန်အတွင်းရှိ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး မွေးမြူရေးဇုန်နယ်နမိတ်တွင် မှတ်တိုင်များစိုက်ထူရန်၊ အရိပ်ရသစ်ပင်များစိုက်ပျိုးရန်၊ ဇုန်အတွင်း ပတ်လမ်းများ ပြန်လည်ပြုပြင်ရန်၊ မွေးမြူရေးဇုန်အတွင်း သန့်ရှင်းရေးများဆောင်ရွက်ရန်နှင့် ဇီဝလုံခြုံရေးကိုဂရုစိုက်ပြီး ဥစားကြက်မွေးမြူရေးတို့ကို တိုးတက်အောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင် (ပြည်နယ်၊ ပြန်ဆက်)