မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ( Future Front Myanmar Youth Strategy Forum-2025) သို့ တက်ရောက်မည့် နေပြည်တော်ကောင်စီနယ်မြေမှ လူငယ်ကိုယ်စားလှယ်များ ရန်ကုန်မြို့သို့ ရောက်ရှိ

ရန်ကုန် ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅-ခုနှစ် ဩဂုတ်လ (၃၀)ရက်နေ့မှ စက်တင်ဘာလ (၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ ( Future Front Myanmar Youth Strategy Forum-2025) သို့ တက်ရောက်မည့် နေပြည်တော်ကောင်စီနယ်မြေမှ လူငယ်ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ DEMU ရထားဖြင့် ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ ရန်ကုန်ဘူတာကြီးသို့ ရောက်ရှိခဲ့ကြသည်။

ထိုသို့ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ (Future Front Myanmar Youth Strategy Forum-2025)သို့တက်ရောက်ရန် ရောက်ရှိလာသည့် နေပြည်တော်ကောင်စီနယ်မြေမှ လူငယ်ကိုယ်စားလှယ်အဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီမှ ကော်မတီဝင်များက လှိုက်လှဲနွေးထွေးပျူငှာစွာ ကြိုဆိုခဲ့ကြပြီး ခေတ္တတည်းခိုနေထိုင်မည့် သက်ဆိုင်ရာနေရာသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။

အဆိုပါ နေပြည်တော်ကောင်စီနယ်မြေမှ လူငယ်ကိုယ်စားလှယ်များအနေဖြင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များနှင့်အတူ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် - ၂၀၂၅ တွင်  ပညာရှင်များ၏ ဆွေးနွေးပြောကြားမှုများကိုသာ နားထောင်ရုံမဟုတ်ဘဲ လူငယ်ကိုယ်စားလှယ်များ သတ်မှတ်အစုအဖွဲ့အလိုက် အပြန်အလှန်ဆွေးနွေးပြောဆိုမှုများကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဝေယံ (ပြန်/ဆက်)