ကျောက်ပန်းတောင်း ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသည် ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်၊ ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့် အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုများနှင့် နယ်မြေခံတပ်နယ်များတွင် ကွင်းဆင်း ဆောင်ရွက်လျှက်ရှိရာ၊ ဩဂုတ် (၂၈)ရက်နေ့ နံနက် (၉) နာရီက ကျောက်ပန်းတောင်း တပ်နယ်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က မိတ်ဆက်စကား ပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မဲပေးစက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်လင်းပြောကြားသည်။ ယင်းနောက် တပ်နယ်အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မဲပေးကြပြီး၊ ရွေးကောက်ပွဲကော်မရှင်အရာရှိက မဲပေးစက်မှ မဲလက်မှတ်စစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ မဲရလာဒ်ထုတ်ပြန်ခြင်းများကို လက်တွေ့ဆောင်ရွက်ပြသသည်။
အဆိုပါ အခမ်းအနားသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဟိန်းဆက်နှင့်အရာရှိများ၊ တပ်ရင်းတပ်ဖွဲ့များမှ မိသားစုဝင်များ စုစုပေါင်း (၃၈၀) ဦး တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကြီးကြပ်ရေး အဖွဲ့များသည် ညနေ (၃) နာရီတွင် ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရပ်ကွက်နေပြည်သူများအား တွေ့ဆုံ၍ မဲပေးစက်ဆိုင်ရာများ ရှင်းလင်းခြင်း၊ လက်တွေ့မဲပေးစေခြင်းများကို ဆောင်ရွက်ခဲ့ကြရာ ရပ်မိရပ်ဖများနှင့် ပြည်သူ (၇၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)