တောင်ကြီး သြဂုတ် ၂၈
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ကုန်းလှိုင်သာသနောဒယပရိယတ္တိစာသင်တိုက်၊ ဇေယျသီရိဓမ္မာရုံ၌တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေး၊ အထွေထွေရွေးကောက်ပွဲတွင် အပိုင်း(၃)ပိုင်းခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း (၅၅)မြို့နယ်ရှိသည့်အနက် (၃၆)မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း၊ ပထမအပိုင်းတွင် (၁၂)မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာပြီးဖြစ်ပါကြောင်း၊ ယခင်ကမဲဆန္ဒရှင်များသည် မဲလက်မှတ်များအသုံးပြု၍ မဲပေးခဲ့ရပြီး ယခုအခါတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များအသုံးပြု၍ မဲပေးပြီး အပိုင်းအလိုက်ရွေးကောက်ပွဲဆောင်ရွက်မှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများကို မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးခွန်မြတ်ဆန်းထွန်းက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးခြင်းနှင့်စပ်လျဉ်း၍ ပါဝါပွိုင့်(Power Point)ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၁၀၀၆ ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့မဲပေးပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)