နေပြည်တော် ဩဂုတ် ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ လယ်တီစံကျောင်းတိုက်သို့သွားရောက်ပြီး လယ်တီဗိမ္မာန်တွင် ရေဘေးရှောင်ပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားရာ ယာယီလာရောက်နေထိုင်စဉ်ကာလအတွင်း စားဝတ်နေရေးကိစ္စရပ်များကို တက်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် ယာယီဆေးခန်းဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေဘေးရှောင်ပြည်သူများမှလည်း စည်းကမ်းတကျနေထိုင်ကြရန်နှင့် အမှိုက်များစနစ်တကျ စွန့်ပစ်ပေးရန်လိုကြောင်း၊ ယာယီနေထိုင်သူများအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် နေထိုင်ကြရန်လိုကြောင်း၊ လိုအပ်ချက်များရှိပါကလည်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များကို တင်ပြဆောင်ရွက်နိုင်ကြောင်း၊ ရေပြန်ကျပြီး မိမိနေရပ်ကို ပြန်လည်ရောက်ရှိပါကလည်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် စောင်များပေးအပ်ကြပြီး ယာယီဆေးခန်းတွင် ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမသို့သွားရောက်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နေပြည်တော်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာခြင်းလုံးအသင်းများအားတွေ့ဆုံ၍ ပြိုင်ပွဲတွင် နေပြည်တော်၏ ဂုဏ်ကိုဆောင်နိုင်ရန် အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင်ရေး၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်စွာဖြင့် ယှဉ်ပြိုင်ကစားရေး၊ တစ်ဦးချင်းအဖွဲ့လိုက် အချိတ်ဆက်မိမိ အပေးအယူမျှတစွာဖြင့် အမှတ်များများရရှိအောင်ကစားရေး၊ ပြိုင်ပွဲဝင်ကာလအတွင်း ကျန်းမာရေးအထူးဂရုပြုနေထိုင်ရန်နှင့် အုပ်ချုပ်သူများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လိုအပ်သည့်အခက်အခဲများရှိပါက တာဝန်ရှိသူများမှတစ်ဆင့် တင်ပြဆောင်ရွက်ရေးတို့ကို မှာကြားကာ နေပြည်တော်ကိုယ်စားပြု အမျိုးသား၊ အမျိုးသမီး မြန်မာ့ရိုးရာခြင်းလုံးအသင်းများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)