ဒေါပုံ ဩဂုတ် ၂၈
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယာဉ်ထိန်းတပ်ဖွဲ့စု (၃၁)မှ တာ၀န်ရှိသူများက ဆောင်ရွက်ခဲ့ကြပါသည်။
ဦးစွာ ယာဉ်ထိန်းတပ်ဖွဲ့စု(၃၁)၊ ဒေါပုံမြို့နယ်မှ ရဲမှူးအောင်မြင့်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် နေ့စဉ်သွားလာလှုပ်ရှားမှုများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ သွားလာတတ်စေရန်၊ လမ်းကူးသည့်အခါ သတိပြုလိုက်နာရမည့်အချက်များ၊ စက်ဘီးစီးရာတွင် လိုက်နာရမည့်အချက်များ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်ပြီး သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာ၀န်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)