ဒဂုံဆိပ်ကမ်း ဩဂုတ်လ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ ရွှေပြည်စိုးနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒလဘမ်းကျေးရွာနှင့် သရက်ပင်ချောင်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သည် ရပ်ကွက်(၂၈)ရပ်ကွက်နှင့် ကျေးရွာ(၄)ဖြင့် ဖွဲ့စည်းထားရှိရာ ဒဂုံမြို့သစ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ ရွှေပြည်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒလဘမ်းကျေးရွာနှင့် သရက်ပင်ချောင်ကျေးရွာတို့တွင် ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာများအား ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် အခြေခံပညာမူလတန်းကျောင်း (ဒလဘမ်း)၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သရက်ပင်ချောင်နှင့် ပညာအလင်း(၂) စာကြည့်တိုက်တို့အား သွားရောက်ကြည့်ရှု့၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)