တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တိုက်ကြီး ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူကုန်ကူးခံရမှုများနှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရေး ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က လူကုန်ကူးမှုအဓိပ္ပါယ်၊ ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်နိုင်သည့် လူကုန်ကုးမှုများ၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးအဖွဲ့မှ ဒေါ်ခင်ရဲရင့်က လူပွဲစားများ၏ ဖြားယောင်းသွေးဆောင်မှုကြောင့် လူကုန်ကူးခံရမှုများ၊ လူကုန်ကူးမှုအမျိုးအစားများတွင် ကလေးသူငယ်များ၊ အမျိုးသမီးများ အများဆုံးပါဝင်နေပြီး လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုများ၊ လုပ်အားခေါင်းပုံဖြတ်မှုများနှင့် ဘဝလုံခြုံမှုကင်းမဲ့ပြီး အခြားနိုင်ငံများသို့ ရောင်းစားခံရမှုဖြစ်စဉ်များကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့မှ ဒေါ်နန်းခင်မာရွှေက လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)