ဒဂုံတက္ကသိုလ်တွင် "တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်" အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ဒဂုံအရှေ့ ဩဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်တွင် "တရားရုံးက ဦးဆောင်သည့် စေ့စပ်‌ဖြေရှင်းရေးစနစ်" အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူးရုံး စေ့စပ်ဖြေရှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုမာက "စေ့စပ်ဖြေရှင်းရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မွန်သူဇာခင်က "တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်" ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားရေးဦးစီးမှူး ဦးစောမျိုးမျိုးက ဥပဒေ၏သဘောသဘာဝနှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက အပြန်အလှန်မေးခွန်းများ မေးမြန်းခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များ၊ပါမောက္ခ (ဌာနမှူး) များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ