မိုးညှင်းတက္ကသိုလ်၌ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်ပွဲကျင်းပ

မိုးညှင်း ဩဂုတ် ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာဟောပြောပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်က လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ်ဇော်ဘုန်းရှိန်က လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှု၊ တရားမဝင် အလုပ်သမားခိုင်းစေမှုများနှင့် ပြစ်မှု ပြစ်ဒဏ်များကိုလည်းကောင်း၊ အမှတ်(၃)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်စုမှ ရဲအုပ် စိုးဇေယျာအောင်က မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိုးအမည်များနှင့် ဆောင်ရန်ရှောင်ရန်များကိုလည်းကောင်း ပြောကြားသည်။

ယင်းနောက် အမှတ်(၁၀၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု မိုးညှင်းမှ ရဲအုပ်ဌေးဝင်းက ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်ပတ်သက်သည့်အကြောင်း အရာများကိုလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးဆင်ဝါးနော်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းရှင်းရေးနှင့်ပတ်သက်၍ ယာဉ်များ မောင်နှင်ရာတွင် လိုက်နာရမည့် လမ်းညွှန်အမှတ်အသားများကိုလည်းကောင်း အသီးသီးဟောပြောကြပြီး ၎င်းတပ်ဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်း (World Tourism Day) အထိမ်းအမှတ်အဖြစ် အင်္ဂလိပ်ဘာသာဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ခေတ္တပါမောက္ခချုပ်က ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း