တာချီလိတ် ဩဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူမှုဝန်ထမ်းရုံး(မူကြို)ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်မိခင်ကလေးအသင်းဥက္ကဋ္ဌ ဒေါ်စန္ဒာထွန်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန(LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို ပြသခဲ့သည်။
ထို့နောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုတိယရဲမှူး အောင်ကျော်ဇင်က ဗီဒီယိုနှင့်ပတ်သက်၍ ဗဟုသုတအသိအမြင်များ၊ လူကုန်ကူးခံရခြင်း၏ အဓိကအကြောင်းအရာများ၊ လူကုန်ကူးခံရပါက ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီး ဆင့်ပွားအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မိခင်ကလေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းမူကြိုဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)