မြစ်သားမြို့နယ် ကင်းတားရေလှောင်တမံ ကန်ရေပြည့်မှတ် ၁၀ ဒသမ ၄၈ပေကျန်ရှိ၊ ရေပမာဏ ၁၀၄၄၄၈ ဧကပေ ထပ်မံသိုလှောင်နိုင်

မြစ်သား သြဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကံဆည်ကျေးရွာအုပ်စုအနီးရှိ ကင်းတားရေလှောင်တမံအား ယနေ့မွန်းလွဲပိုင်း တိုင်းထွာချက်အရ လက်ရှိရေပမာဏ ၇၆၉၁၃၂ ဧကပေရှိပြီး ရေအမှတ် (အမြင့်ပေ) ၆၆၉.၅၂ ပေ ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်ရှိ ကင်းတားရေလှောင်တမံ၏ ရေသိုလှောင်နိုင်မှုပမာဏမှာ  ၈၇၃၅၈၀  ဧကပေ ဖြစ်ပြီး ရေ ထပ်မံသိုလှောင်နိုင်မည့် ပမာဏ ၁၀၄၄၄၈ ဧကပေကျန်ရှိ၍ ဆည်ကန်ရေပြည့်ရေအမှတ် (အမြင့်ပေ) ပေ ၆၈၀ ဖြစ်၍ ကင်းတားရေလှောင်တမံအတွင်း ရေထပ်မံသိုလှောင်နိုင်မှု ရေအမှတ် (အမြင့်ပေ) ၁၀ ဒသမ ၄၈ပေ ကျန်ရှိကြောင်း  တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြီး ကင်းတားရေ လှောင်တမံအတွင်းသို့ ဝင်ရေအများပြား ဝင်ရောက်လာနိုင်‌ကာ ကန်တွင်းသို့ လှောင်ရေကြိုတင်လျော့ချရန် လိုအပ်သည့်အတွက် ရေပိုလွှဲရေတံခါးနှစ်ပေါက်အား  ၁ ဒသမ ၅ ပေစီ‌ ဖွင့်ထားကြောင်း သိရသည်။

မြစ်သားမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ)  ဦးကြည်ခိုင်ထွန်းနှင့်ဝန်ထမ်းများက ကင်းတားဆည်တမံကြံခိုင်မှုအခြေအနေနှင့် ကင်းတားဆည်တမံအတွင်း ရေဝင်‌ရောက်မှုအခြေအနေများအား နေ့ညမပြတ် စောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)