သထုံ ဩဂုတ် ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံ(သထုံ)တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာထူးလွင်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ စိုက်ပျိုးရေးမွေးမြူရေးသိပ္ပံ(သထုံ)ကျောင်းမှ ကျောင်းသူတစ်ဦးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူ လေးဦးတို့က "လူငယ်နှင့်ရည်မှန်းချက်" "လူငယ်နှင့်ကိုယ်ကျင့်တရား" "လူငယ်နှင့်လူမှုဆက်ဆံရေး" "လူငယ်နှင့်စာဖတ်ခြင်း" "လူငယ်နှင့်အားကစား" ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေဆွေးနွေးကြရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် အစီအစဉ်တင်ဆက်သူတို့က ပြန်လည်ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့စိုက်ပျိုးရေး မွေးမြူရေးသိပ္ပံ(သထုံ)ကျောင်းမှ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)