ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းလေးခု၌ ရေဘေးသင့်ပြည်သူ ၂၇၀၀ကျော်ရှိ

ပုဗ္ဗသီရိ ဩဂုတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆင်သေချောင်း၊ ငလိုက်ချောင်းနှင့် ပေါင်းလောင်းမြစ်ရေများတိုးမြှင့်လာခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကြံဖိုစုကျေးရွာ၊ အေးမြင့်သာယာကျေးရွာ၊ ပေါက်တောကျေးရွာ၊ တောက်ထိန်ကျေးရွာ၊ ဝက်ကုန်းကျေးရွာ၊ စက်ကုန်းကျေးရွာ၊ တံတားဦးကျေးရွာ၊ ကုလားရွာကျေးရွာနှင့် အောင်ပန်းကျေးရွာများတွင်ဩဂုတ် ၂၇ ရက် ညနေပိုင်းမှ စတင်၍ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့် ကျေးရွာများနှင့် မိုးဆက်လက်ရွာသွန်းမှုများကြောင့် ရေဝင်ရောက်မှု ဆက်လက်ဖြစ်ပွားနိုင်သည့် ကျေးရွာများမှ ဒေသခံပြည်သူများအား ရေဘေးကင်းလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းခြင်းလုပ်ငန်းများအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအစုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်ရေးအတွက် ကယ်ဆယ်ရေးစခန်းလေးခု ဖွင့်လှစ်ထားရှိပြီး ယနေ့နံနက်ပိုင်းအထိ ရေဘေးသင့်ပြည်သူ ၂၇၀၀ကျော် ရှိ ပြီဖြစ်ကြောင်း သိရသည်။

ပုဗ္ဗသီရိ(ပြန်/ဆက်)