သထုံ ဩဂုတ် ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စုရှိ ဝါးပါးတပ်ဦး ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့ သာမန်အသုံးစရိတ်ရန်ပုံငွေမှ လှူဒါန်းသည့် အလှူငွေများကို ယမန်နေ့ နံနက်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သွားရောက်လှူဒါန်းပေးခဲ့ကြသည်။
လှူဒါန်းပေးအပ်ရာတွင် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်နိုင်၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်း၊ ခရိုင်ပညာရေးမှူး ဦးခဲမိုင်းနှင့် တာဝန်ရှိသူတို့က ပြည်နယ်အစိုးရအဖွဲ့ သာမန်အသုံးစရိတ်ရန်ပုံငွေမှ လှူဒါန်းသည့် အလှူငွေ (၄၀၁၉၂၉) ကျပ်အား ဝါးပါးတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသုန္ဒရထံ ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သထုံခရိုင်အတွင်းရှိ သထုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ ကျောင်း၊ ကျောင်းသား၊ ကျောင်းသူ ၅၈၈ ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့၏ သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် လှူဒါန်းငွေကျပ် စုစုပေါင်း ၂၃၆၃၃၄၄ ကျပ် လှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)