ချမ်းအေးသာစံမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းအေးသာစံ သြဂုတ် ၂၈

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်သာမက အသိပညာဗဟုသုတများ တိုးတက်စေရန်ရည်ရွယ်ကာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ်လ ၂၈ ရက် မွန်းလွဲ (၁)နာရီတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သက်စုထွန်းမှ ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများကို အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာညိုညိုတင်မှ ကျောင်းသားလူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းသင်ခန်းစာများကို ကြိုးစားကြစေရန်နှင့် လိမ္မာယဥ်ကျေးစေရန် ဆုံးမသြဝါဒစကားများကို အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ပြသခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ “ယနေ့ခေတ်သည် IT နည်းပညာအင်မတန်တိုးတက် ကောင်းမွန်လာခဲ့သည်။ နည်းပညာများ မြင့်မားခြင်းသည် ကောင်းကျိုးရှိသလို ဆိုးကျိုးများလည်းရှိနိုင်သည်။ ဆိုးကျိုးတွေကတော့ အင်တာနက်မှတဆင့် လိမ်လည်မှုများစွာကြုံတွေ့နေတဲ့ အခက်အခဲတွေဖြစ်ကြသည်။ ထိုသို့ ဆက်သွယ်ရေး လိမ်လည်မှုများကို အများပြည်သူများ ပူးပေါင်းဆောင်ရွက်ကာ တိုက်ဖျက်ချေမှုန်းကြစေရန်” ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊  အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာညိုညိုတင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပြီးတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေသည့် မုန့်များ၊ ရေဘူးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)