ဒဂုံတောင် ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ရာတွင် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိဘဲ ရောဂါကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို တစ်ပြေးညီရရှိစေရန် ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူများအား သွားကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီက ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၂၅ ရပ်ကွက် ပုလဲရတနာလမ်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဒဂုံမြို့သစ်ခရိုင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော် သာကေတမြို့နယ် အထူးကုဆေးရုံအုပ်ကြီး (သွားနှင့်ခံတွင်း) ပါမောက္ခ ဒေါက်တာမိုးသီတာထွေး သွားနှင့် ခံတွင်းအထူးကု ဒေါက်တာမြတ်နွယ်နီဝင်း (တက္ကသိုလ်များဆေးရုံ/ရန်ကုန်) ဒေါက်တာလင်းဖြိုးအောင် ဒေါက်တာ ထက်ဩရတို့က သွားနှင့် ခံတွင်းကျန်းမာရေးဆိုင်ရာများ ဟောပြောဆွေးနွေးခြင်း၊ သွားနှင့် ခံတွင်းဆိုင်ရာမေးခွန်းများကို ပြန်လည်ဖြေကြားပေးခြင်းများ ဆောင်ရွက်ကြပြီး တယ်လီဗေးရှင်းဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း၊ သွားနှင့် ခံတွင်း အခမဲ့ကျန်းမာရေးစစ်ဆေးမှုများအား ဆောင်ရွက်ပေးကြသည်။
အဆိုပါကွင်းဆင်းကုသခြင်းအစီအစဉ်သို့ ဒဂုံမြို့သစ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမော် သာကေတမြို့နယ် အထူးကုဆေးရုံအုပ်ကြီး (သွားနှင့်ခံတွင်း) ပါမောက္ခ ဒေါက်တာမိုးသီတာထွေး သွားနှင့် ခံတွင်းအထူးကု ဒေါက်တာမြတ်နွယ်နီဝင်း (တက္ကသိုလ်များဆေးရုံ/ရန်ကုန်) နှင့် အဖွဲ့တို့က ကွင်းဆင်းကြည့်ရှုကြပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်မှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးမှူးများနှင့် ဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြပြီး လာရောက်ပြသသူများအား မုန့်နှင့် ရေသန့်များ ပေးဝေကြောင်း သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)