မိုးနဲမြို့နယ် နမ့်မော်ဆွမ့်အုပ်စု၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်း လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်

မိုးနဲ ဩဂုတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု အောင်သပြေကျေးရွာခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းလက်တွေ့သရုပ်ပြခြင်းနှင့် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုကိုဝင်းက မဲပေးရာတွင် ဥပဒေအရအရေးယူခံရမည့်လုပ်ရပ်များ၊ ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရှိစေရေး ပြုလုပ်ထားရမည့်အချက်များ၊ ယခင်မဲပေးစနစ်ထက် ယခု‌မဲပေးစနစ်၏ ကောင်းကျိုးများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုတက်စေရန် ပြုလုပ်ရမည့်နည်းလမ်းများ၊ မဲပေးမှုပြီးမြောက်စေရေး မဲပေးပြီးစီးကြောင်း ပြုလုပ်သင့်သည့်အချက်များ၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့တွင် မဲရုံ ၃၉ ရုံပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မဲစာရင်းကြေညာချက်များကို အများပြည်သူများ သိသာထင်ရှားသောနေရာများတွင် ကပ်ကာ ပြသသွားမည်ဖြစ်ကြောင်း မြန်မာဘာသာ၊ ရှမ်းဘာသာ (၂)မျိုးစလုံးဖြင့် နမ့်စလိုင်၊ ခုတ်စက်၊ အောင်သပြေ ကျေးရွာနေပြည်သူ (၂၀၀)ဦးအား အသိပညာပေးခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်သည့်နေရာသို့ တာဝန်ရှိသူများမှ လာရောက်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မဲပေးစက်ဖြင့် မဲပေးနည်းကိုလည်း လက်တွေ့စမ်းသပ်သရုပ်ပြခဲ့ပြီး မွန်းလွဲ (၁)နာရီအချိန်တွင် ကတ်နောင့်ကျေးရွာ ရာအိမ်မှူးနေအိမ်၌ ကတ်နောင့်ကျေးရွာနေပြည်သူ (၈၀)ဦးအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသက်မဲပေးနည်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို