ဒလ သြဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကို ဩဂုတ်လ ၂၆ ရက်နေ့နံနက်(၉:၃၀)အချိန်က တုံးတင်ဂံ(တောင်)ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် တုံးတင်ဂံ(မြောက်)ကျေးရွာရှိအခြေခံပညာမူလတန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာ၀င်းက ကျောင်းသား၊ ကျောင်းသူများကို “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားရာတွင် စာဖတ်ခြင်းသည် လူငယ်တွေအတွက် အနာဂတ်ဘဝကိုတည်ဆောက်ရာမှာ အရေးပါသည့်အလေ့အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိ ပညာဗဟုသုတ၊ အတွေးအခေါ်များကျယ်ပြန့်၍ အခက်အခဲများကိုရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း၊ လူငယ်များအနေဖြင့်လိမ္မာရေးခြားရှိစေရေး အသိပညာ၊ အ တတ်ပညာသာမက ပြင်ပစာပေဗဟုသုတများလေ့လာရမည်ဖြစ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တစတဲ့ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး လူငယ်တိုင်းနိုင်ငံ့သားကောင်းများဖြစ်လာစေရန် စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းအုပ်ဆရာမကြီးများအား စာအုပ်၊ စာစောင်များပေးအပ်လှူဒါန်းခဲ့သည်။
ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ်ရပ်ကွက်နှင့်ကျေးရွာအခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ခင်စန္ဒာမြင့်(ပြန်/ဆက်)