ပင်းတယ ဩဂုတ် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊မိုင်းလီကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် မကြာမီကာလအတွင်း တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှကြီးမှူး၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသော အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပါဒီစုံဒီမိုကရေစီရွေးကောက်ပွဲများလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါဒီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ပါဒီစုံဒီမိုကရေစီရွေးကောက်ပွဲအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် တစ်နိုင်ငံလုံး ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပင်းတယမြို့နယ် ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ပင်းတယမြို့နယ်မဲရုံများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း စသည်တို့ကို ပြောကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေတင်ပြပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် မိုင်းလီကျေးရွာအုပ်စုနေဒေသခံပြည်သူ ကျေးရွာသား/ကျေးရွာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူ ကျေးရွာသူ/ကျေးရွာသားများက မိမိတို့၏ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ပေါင်းစပ်ညိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)