နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ တက်ရောက်မည့် နေပြည်တော်လူငယ်ကိုယ်စားလှယ်များအား တွေ့ဆုံပွဲတက်ရောက်၊ သဘာဝဘေး ကူညီကယ်ဆယ်နိုင်ရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေးလမ်မကြီး မိုင်တိုင် (၂၃၈) ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအနီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းမပေါ်ရေကျော်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ကင်းသာရေထိန်းတမံသို့သွားရောက်ပြီး ဆည်အတွင်း ရေဝင်ရောက်နေမှုအခြေအနေများ၊ တမံအပေါ်ရေကျော်မှုမရှိစေရေး သဲအိတ်များဖြင့် ကာရံနေမှုအခြေအနေများ၊ ရေလွှဲမြောင်းဖောက်လုပ်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာသို့သွားရောက်ပြီး ရေဝင်ရောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မကျီးပင်ဘုန်းတော်ကြီးကျောင်းတွင် ယာယီရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ကျန်းမာရေးစောင့်ရှောက်‌ပေးနေမှုအား ကြည့်ရှုအားပေးကာ  စာသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး နေပြည်တော်ကောင်စီ၏ ဦးဆောင်မှုဖြင့်  နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊  နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နှင့် နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ သွားနှင့်ခံတွင်း အထူးကုဆေးရုံမှ အထူးကုဆရာဝန်ကြီးများက  နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးများအား ခွဲစိတ်ကုသပေးနေမှုအား  လှည့်လည်ကြည့်ရှုအားပေးပြီး လာရောက်ခွဲစိတ်ကုသမှုခံယူသည့် ကလေးငယ်များအား လက်ဆောင်ပစ္စည်းနှင့် စာသောက်ဖွယ်ရာများ ပေးအပ်ကာ ခွဲစိတ်ကုသပေးသည့် သွားနှင့် ခံတွင်းအထူးကုဆရာဝန်ကြီးများအဖွဲ့အား ချီးမြှင့်ငွေနှင့် ဂုဏ်ပြုသစ်သီးခြင်းတို့ကို ပေးအပ်ခဲ့သည်။

ယင်းနောက် ဆေးရုံအတွင်း Modular House ဖြင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများ စုစည်းသိုလှောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာ့အနာဂတ်မျက်နှာစာ  လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅သို့ တက်ရောက်မည့် နေပြည်တော်လူငယ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ လူငယ်များသည် လူမျိုးတစ်စု နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ကောင်းမွန်အောင် ဖန်တီးနိုင်ကြသူများဖြစ်ပါကြောင်း၊ ယနေ့လူငယ်များ၏ အရည်အချင်းများ ကောင်းမွန်ရင် ကောင်းမွန်သလောက် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များနှင်ပက်သက်ပြီး အထူးအလေးထားဂရုစိုက်ပြီး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ ယခုကျင်းပမည့် လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ သည် လူငယ်များအတွက် အသိပညာ၊ ဉာဏ်ပညာ၊ ဗဟုသုတတိုးတက်ပြီး နိုင်ငံတော်၏ အနာဂတ်အတွက် ဆောင်ရွက်ရမည့် အချက်အလက်ကောင်းများရရှိရန် မျှော်လင့်ချက်ကြီးကြီးနှင့် ကျင်းပသည့် နိုင်ငံ‌တော်အဆင့်အခမ်းအနားဖြစ်ပါကြောင်း၊ လူငယ်ဖိုရမ်တွင် နေပြည်တော်ကိုယ်စားပြု ဆွေးနွေးချက်များသည် နေပြည်တော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်သဖြင့် လူငယ်များ၏ စိတ်ထဲတွင် ခံယူချက်ကြီးကြီးမားမားထားပြီး လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ တိုင်းဒေသကြီးပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်အချင်းချင်းတွေ့ဆုံသည့်အခါ ရင်းနှီးပွင့်လင်းစွာ လူမှုပေါင်းသင်းဆက်ဆံမှုကောင်းများကိုပြသကြပြီး တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ရင်းနှီးချစ်ခင်စိတ်ဖြင့် နေပြည်တော်၏ ဂုဏ်ကိုဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ လူငယ်မဟာဗျူဟာဖိုရမ်ကို တက်ရောက်သည့်အခါ အုပ်ချုပ်သူအဖွဲ့ခေါင်းဆောင်များ၏ ဦးဆောင်မှုကို လိုက်နာပြီး တစ်ဦးချင်း စည်းကမ်းကောင်း၊ စိတ်ဓာတ်ကောင်းမွန်စွာဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ လူငယ်မဟာဗျူဟာဖိုရမ် အခမ်းအနားသို့တက်ရောက်မည့် နေပြည်တော်လူငယ်ကိုယ်စားလှယ်များမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး နေပြည်တော်လူငယ်ရေးရာတာဝန်ခံမှ လူငယ်မဟာဗျူဟာဖိုရမ်အခမ်းအနားသို့ တက်ရောက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကိုယ်စားပြုတက်ရောက်မည့် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောသ်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ ဗဟိုမီးသတ်စခန်းသို့သွားရောက်ပြီး သဘာဝဘေးရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဖွဲ့ထားသည့် တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၍ သဘာဝဘေးဖြစ်ပွားလာပါက အမိန့်စောင့်ဆိုင်းဆရာမလိုဘဲ ချက်ချင်းသွားရောက် ကူညီဆောင်ရွက်ရေး၊ သဘာဝဘေးကယ်ဆယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ အမြဲမပြတ်ဆောင်ရွက်ရန်နှင့် အသုံးပြုမည့် စက်ယာဉ်ယန္တရားများအား ကျွမ်းကျင်စွာ အသုံးချနိုင်ရန် လေ့ကျင့်ထားရေး၊ ဆက်သွယ်မှုစနစ်များအား ကောင်းမွန်အောင် ဆောင်ရွက်ထားရေးနှင့် သဘာဝဘေးဖြစ်ပွားမှုကို အမြန်ဆုံးသတင်းရရှိအောင်ဆောင်ရွက်ရေး၊ ယခင်ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်များ၊ အတွေ့အကြုံများအ‌ပေါ် သုံးသပ်ပြီး ကြိုတင်တွက်ဆ ပြင်ဆင်ထားရှိရေးတို့ကို မှာကြားသည်။

ထို့နောက် သဘာဝဘေးရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် စုဖွဲ့ပြင်ဆင်ထားသည့် စက်ပစ္စည်းများ၊ စက်လှေများ၊ ယာဉ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ် ပင်လောင်းလမ်းသို့သွားရောက်ပြီး ပုဗ္ဗသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲရေးအဖွဲ့မှ သဘာဝဘေးကူညီကယ်ဆယ်နိုင်ရေးအတွက် စုဖွဲ့ထားသည့်တပ်ဖွဲ့ဝင်များအားတွေ့ဆုံ၍ သဘာဝဘေးဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ  ကူညီကယ်ဆယ်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ‌အေးမြင့်သာယာတံတားတွင် ဆင်သေချောင်းရေစီးဆင်းမှုအခြေအနေများ၊ ပင်းလောင်းလမ်းဆုံတွင် ကားလမ်းပေါ်ရေကျော်နေမှုအခြေအနေများ၊ ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီးဘေး လမ်းဘေးရေမြောင်းများတွင် ရေစီးဆင်းမှုအခြေအနေများ၊ ကျောက်ချပ်တံတားတွင် ဆင်သေချောင်းရေစီးဆင်းမှုအခြေအနေများ၊ ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာ၊ ဈေးကုန်း၊ ဆင်သေလမ်းရေဝင်ရောက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)