ညောင်ရွှေ ဩဂုတ် ၂၈
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက ညောင်ရွှေမြို့နယ်၊ တိလောကျေးရွာအုပ်စု၊ တိလောကျေးရွာ ရွှေဂူဘုရား၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးအောင်စိုးမိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးဌာန ဦးစီးအရာရှိ ဦးပက်ထရစ်ဗြူးတို့က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဒုတိယဦးစီးမှူး ဒေါ်အမ်မလီဗန်လောင်ဆွီးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း သိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သရုပ်ပြကွင်းဆင်းခြင်းလုပ်ငန်းသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန်စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မွန်းလွဲပိုင်းတွင် နန်းသဲကျေးရွာအုပ်စု၊ အိုင်ထောင့်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ