ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ ငှက်ပျောနှင့်ဗေဒါ အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာသင်တန်းဆင်း

အမရပူရ သြဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံကျောင်း၌ ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့ ပူးပေါင်းဖွင့်လှစ်သည့် ငှက်ပျောနှင့်ဗေဒါ အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ဆုရရှိသူများကို တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆုများ ချီးမြှင့်ပေးခဲ့ကြသည်။ ဆက်လက်ပြီး ယခုဖွင့်လှစ်သည့်သင်တန်းတွင် သင်တန်းဆရာများ အဖြစ် Green Banana (Myanmar) ရန်ကုန်မှ ဦးမြင့်သိန်းနှင့် နည်းပြဆရာခြောက်ဦးတို့ကို ဂါရဝပြုလက်ဆောင်များ ချီးမြှင့်သည်။ ​ထို့နောက် သင်တန်းသူ မချယ်ရီဆွေက ကျေးဇူးတင်စကားပြောကြားသည်။

အခမ်းအနားအပြီးတွင် သင်တန်းသား၊ သင်တန်းသူများ၏ ငှက်​ပျော၊ ဗေဒါချည်များ အသုံးပြုရက်လုပ်ထားသော လူသုံးကုန်ပစ္စည်များကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)