မန္တလေး ဩဂုတ်၂၈
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ်ခရိုင်ကော်မရှင်ရုံးခန်းမ၌ ယနေ့နံနက်၁၀နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်သည်။
သင်တန်းတွင် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအနေဖြင့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးရန်၊ မဲပေးစက်ကိုင်တွယ်အသုံးပြုရာတွင် ကျွမ်းကျင်စွာလုပ်ကိုင်တတ်ရန်း၊ မဲစာရင်းမှန်ကန်မှုရှိစေရန်၊ ရွေးကောက်ပွဲတွင် ကော်မရှင်များ၊ ပါတီများ၊ ပြည်သူများပါရှိမှသာ ရွေးကောက်ပွဲအောင်မြင်မည်ဖြစ်ကြောင်း၊ မဲစာရင်းရလဒ်များကို မဲပေးစက်ဖြင့် အတည်ပြုမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဆွေဦးက မြို့နယ်အလိုက်မဲစာရင်းတွင်ပါရှိမည့်သူများကို မဲစာရင်းပါရှိမှု ရှိ မရှိ သေချာစီစစ်ထားရန်၊ ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီးကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့် သင်တန်း ဆက်လက်သင်ကြားပို့ချသည်။
ဇင်မင်းမောင်