မိုင်းနောင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းနောင် သြဂုတ်၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် ကျေးသီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့က မြန်မာ/ရှမ်း နှစ်ဘာသာဖြင့် (MEVM)စက်နှင့် ဆန္ဒမဲစမ်းသပ်ပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများနှင့် တာဝန်ရှိသူတို့က မြို့ပေါ်ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံအဆင့်ဆင့်အား ရှင်းလင်းပြသပြီး တက်ရောက်လာကြသူများက တစ်ဦးချင်း လက်တွေ့စမ်းသပ် မဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကျေးသီးမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပသွားနိုင်ရေးအတွက် မိုင်းနောင်မြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)ခု၊ အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ခန်းမများတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)