မြောက်ဥက္ကလာပမြို့နယ်၌ တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်

မြောက်ဥက္ကလာပ ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ တရားရုံးအဆောက်အဦသစ် ဖွင့်လှစ်ခြင်းကို ဩဂုတ် ၂၆ ရက်နံနက်ပိုင်းက (ဆ)ရပ်ကွက် ခေမာသီလမ်းနှင့် သမာဓိလမ်းထောင့်ရှိ အဆောက်အဦတွင် ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပထမပိုင်းအစီအစဉ်အရ မြောက်ဥက္ကလာပမြို့နယ် တရားရုံးအဆောက်အဦသစ်အား ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဖဲကြိုးဖြတ်၍ အဆောက်အဦသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တာ၀န်ရှိသူများက ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာပက်ဖျန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး တာ၀န်ရှိသူများက အဆောက်အဦအတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ G3 Group Limited မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးပိုင်က ရုံးအဆောက်အဦသစ်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ရုံးအဆောက်အဦသစ်နှင့် သက်ဆိုင်သောစာရွက်စာတမ်းများကို G3 Group Limited မှ မြောက်ဥက္ကလာပမြို့နယ် တရားသူကြီး ဦးရဲမင်းထွန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်မှ မြောက်ဥက္ကလာပမြို့နယ် တရားရုံးအဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် ဖန်သားတံဆိပ်များအား တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တိုင်းဒေသကြီး စစ်တိုင်းဌာနချုပ် တိုင်းမှူးတို့ထံသို့ ပေးအပ်ခဲ့သည်။

ယင်းနောက် မြောက်ဥက္ကလာပမြို့နယ် တရားသူကြီး ဦးရဲမင်းထွန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ကော်မတီ၀င်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)