ကျောက်ပန်းတောင်း ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းကို ဩဂုတ်၂၇ရက် နံနက်၁၀ နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲဓမ္မာရုံတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က မိတ်ဆက်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များက သိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို လက်တွေ့ စမ်းသပ်မဲပေးကြသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲ အရာရှိက ဆန္ဒမဲလက်မှတ်များစိစစ်၍ မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရပြီး အဆိုပါ အသိပညာပေးနှင့် သရုပ်ပြပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)