ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ  ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ငါးထောင့်နှစ်ဦးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၈)ခုတို့ကို အတည်ပြုပေး

ရန်ကုန် ဩဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်းနမူနာ ပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခု၊ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၄)ခုနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁)ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း ၉၂% ပြည်ပတင်ပို့၍ ၈% ပြည်တွင်းရောင်းချမည့် ဆန်ဖြူ၊ ဆန်ကွဲသန့်စင်ခြင်း၊ အရောင်တင်ခြင်းနှင့် တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲ ဖွတ်ချောသန့်စင်ထုတ်လုပ်ပြီး ပြည်ပကို ၁၀၀% တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ကာ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၉,၄၆၆.၅၉၀ သန်း (ကိုးထောင့်လေးရာ ခြောက်ဆယ့်ခြောက် ဒသမ ငါးကိုးသုညသန်း)နှင့် အမေရိကန်ဒေါ်လာ ၇.၀၉၅ သန်း (ခုနစ် ဒသမ သုညကိုးငါးသန်း) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၅,ဝဝ၂ ဦး (ငါးထောင့်နှစ်ဦး)အတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မည့်လုပ်ငန်းများနှင့် ပြည်တွင်းဝန်ထမ်း ၂,၀၀၀ ဦး ထပ်မံတိုးမြှင့်ခန့်ထားမည့်လုပ်ငန်းများအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၂၄) ခု၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)